ကလေးတွေကို အချိုရည်တိုက်ရင် ဘာဖြစ်မလဲ
အချိုရည် မကြိုက်တဲ့ ကလေးရယ်လို့ ခပ်ရှားရှားပါ။ ကလေးအများစုက အရောင်အသွေးစုံလင်ပြီး အရသာချိုလေးလေး အချိုရည်ကို ငြင်းဆန်နိုင်သူက အတော်လေးကို ရှားမှာပါ။ နောက်တစ်ချက်က ထုပ်ပိုးမှုလေးတွေကပါ စွဲဆောင်ထားသေးတာပါ။
သကြားတွေ အလွန်အကျွံ ပါဝင်နေသလို ဆိုးဆေးတွေနဲ့ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အချိုရည်တွေက ကလေး ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ ထွေထွေထူးထူး ပြောပြစရာ မလိုအောင်ကို ဖေဖေမေမေတို့လည်း သိလောက်မှာပါ။
ဂတ်စ်ပါတဲ့ အချိုရည်တွေ၊ ဆိုးဆေးပါတဲ့ အချိုရည်တွေ၊ ဆိုဒါနဲ့ စွမ်းအားဖြည့် အချိုရည်တွေက ကလေးတွေကို တိုက်လို့ ရတယ်လို့ ထောက်ခံချက် ပေးမထားပါဘူး။ ကလေးတွေအတွက် ထောက်ကူပေးနိုင်တဲ့ အာဟာရဓာတ် မပါသလို ကယ်လ်လိုရီတွေနဲ့ ဗီတာမင်တွေ သတ္တုဓာတ်တွေ မပါပါဘူး။ ဒါတွေအစား ကလေး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပဲ ပါဝင်ပါတယ်။
အချိုရည်သောက်တာက ကလေးကို အခုလို ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်
အဝလွန်စေနိုင်တယ် - အချိုရည်တွေမှာ အာဟာရ ပါဝင်မှု နည်းပြီး အမြဲလိုလို အချိုရည် သောက်သုံးတာက ကလေးတွေကို အဝလွန်စေနိုင်ပါတယ်။ အဝလွန်တာက နောက်ဆက်တွဲ အနေနဲ့ ဆီးချိုရောဂါကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အဝလွန်တာ သွေးတွင်းအချိုဓာတ် များတာမျိုး မဖြစ်စေဖို့ အချိုရည် မတိုက်ပါနဲ့။
ချောင်းဆိုးတာ - အချိုရည်သောက်ရင် ချောင်းဆိုးမယ် ဆိုတာကတော့ ပြောစရာ မလိုအောင် အားလုံး သိထားပြီး ဖြစ်မှာပါ။ အချိုဓာတ်ကဲတဲ့ အချိုရည်တွေက သကြားပါဝင်မှု များတာကြောင့် ကလေးကို ချောင်းဆိုးစေနိုင်ပါတယ်။
သွားပျက်စီးတာ - အချိုရည်တွေက ကလေးရဲ့ သွားကြွေလွှာတွေကို ပျက်စီးစေပြီး ကလေးကို သွားပိုးစားတာ၊ သွားကိုက်သွားနာတာတွေကို ဖြစ်စေနိုင်ပါတယ်။
နှလုံးရောဂါ - အချိုရည်တွေ အထူးသဖြင့် အမြှုပ်ထတဲ့ အချိုရည်တွေက ကလေးတွေမှာ နှလုံး သွေးကြောရောဂါ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။
အစာအိမ်အူလမ်းကြောင်း ထိခိုက်စေနိုင်တယ် - အချိုရည်တွေမှာ ပါတဲ့ အက်ဆစ်တွေက ကလေးအစာအိမ်ထဲက အက်ဆစ်တွေကို မျှခြေပျက်စေပြီး အစာအိမ်ရောင်တာ၊ ရင်ပူတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
ရေဓာတ် ခမ်းခြောက်စေနိုင်တယ် - စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ရေဓာတ်က အရေးပါပါတယ်။ အချိုရည်တွေ သောက်သုံးတာက ကလေးကို ဆီးခဏခဏ သွားစေပြီး ကိုယ်တွင်းရေဓာတ် ခမ်းခြောက်တာကို ဖြစ်စေပြီး ကလေးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ဦးနှောက် ထိခိုက်စေတယ် - အချိုရည် သောက်သုံးတာက ကလေး ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေနိုင်ပြီး ကလေးကို ခေါင်းကိုက်တာ စိတ်ခံစားမှု အပေါ် သက်ရောက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဦးနှောက်ထဲမှာ neurochemistry မျှခြေ မညီတာက ကလေး ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။
အစားစားချင်စိတ် ပျောက်စေနိုင်တယ် - အချိုရည်တွေက ကလေးကို သကြားဓာတ် ပြည့်နေစေပြီး အားရှိတယ်၊ ဗိုက်ပြည့်တယ်လို့ ခံစားရစေတာကြောင့် အစားစားချင်စိတ် မရှိတာမျိုးကို ဖြစ်စေနိုင်ပါတယ်။
ဝမ်းသွားတဲ့ အလေ့အထကို ထိခိုက်စေတယ် - အချိုရည်တွေက အလွန်အကျွံသောက်မယ်ဆိုရင် ဝမ်းပျက်တာ၊ ဝမ်းလျှောတာတွေကို ဖြစ်စေသလို ကိုယ်တွင်းက ရေဓာတ်နဲ့ အာဟာရဓာတ်တွေကို ဆုံးရှုံးစေပြီး ကလေးရဲ့ ကြီးထွားမှုကို ထိခိုက်စေနိုင်ပါတယ်။
အသည်းနဲ့ ကျောက်ကပ် အားနည်းစေတယ် - အချိုရည် အများစုမှာ phosphoric acid တွေ ပမာဏ လွန်ကဲစွာ ပါဝင်နေပါတယ်။ ဒီလို ပါဝင်နေတာကပဲ ကျောက်ကပ်မှာ ကျောက်တည်စေပြီး သွေးဖိအားကို ထိခိုက်စေပြီး ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ အချိုရည်တွေက အသည်းတွေကို ထိခိုက်စေနိုင်ပါတယ်။
ကလေးကို ကျန်းမာရေး ထိခိုက်မှု ကင်းစေဖို့ဆိုရင် အချိုရည်တွေကို ဖြစ်နိုင်ရင် မတိုက်ပါနဲ့။
မွန်မွန်